ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ် (1)

ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ် (1)
  
                                       နတ်သား  အချစ်တက္ကသိုလ်ဖိုရမ်
အခန်း (၁)
“သီဟ !!! တဲနောက်ဘက်ကို တာဝန်ယူ .. မျက်စိကို ရှင်ရှင်ထား ..“
တပ်စိတ်မှုးစိုင်းဗလ၏ အမိန့်ပေးသံအဆုံးတွင် သီဟနှင့်တကွ တပ်သားလေးယောက်သည် ခပ်လှမ်းလှမ်းတွင် ရှိနေသော တဲငယ်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာခဲ့သည်။ အထက်ကပေးသည့် တာဝန်ကြောင့် သီဟတို့၏ အထူးတပ်စိတ်သည် လိုင်ဇာ၏ တောင်ကုန်းအမှတ် ၁၁၀၂ တွင် ရှိသော ရန်သူ့စခန်းကို ရှင်းလင်းရန် လျှို့ဝှက်စွာ ရောက်ရှိလာခဲ့တာ ဖြစ်သည်။ သတင်းအရဆိုလျှင် သီဟတို့ရှေ့တွင် ရှိနေသော တဲငယ်သည် အကြမ်းဖက်သမားများ၏ လျှို့ဝှက်လက်နက်များကို သိမ်းဆည်းထားရာ နေရာဖြစ်သည်။ ထို့အပြင် ဒီနေ့ ဒီအချိန်တွင် ရန်သူ့ဘက်က ခေါင်းဆောင်ပိုင်းအချို့ တွေဆုံဖို့ ချိန်ထားသည်ဟုလည်း သိထားသည်။ သို့ရာတွင် သီဟတို့ တဲငယ်၏ အစွန်ရှိ တောတန်းသို့ ရောက်နေသည်မှာ နေ့တစ်ပိုင်းကုန်တော့မည်။ သူတို့ ပုန်းနေရာမှ မျက်စိရှင်ရှင်ထားကာ ကြည့်နေပေမယ့် လူသူ အရိပ်အယောင်ဆို၍ ဘာဆိုဘာမှ မတွေ့။ ထို့ကြောင့်ပင် အချိန်ကြာလာသည်နှင့်အမျှ စိတ်မရှည်တော့သည့် တပ်စိတ်မှုးဆီမှ တဲငယ်ကို ရှင်းလင်းဖို့ အမိန့်သံ ထွက်လာတာ ဖြစ်သည်။
သီဟ ရိုင်ဖယ်သေနတ်ကို သေချာစစ်ဆေးပြီးနောက် လဲလျောင်းနေရာမှ ထကာ ဒူးထောက်၍ နေရာယူသည်။ အနည်းငယ် လှုပ်ရှားလိုက်မှုကြောင့် နောက်ကျောတွင် လွယ်ပိုးထားသည့် စစ်ပစ္စည်းအိတ်က ပို၍ လေးလံလာသည်ဟု ထင်ရသည်။ ကိစ္စမရှိ။ သူ ဒီလောက်တော့ ခံနိုင်ရည် ရှိသည်။ ကွန်မန်ဒိုသင်တန်းတွင် လေ့ကျင့်ခန်းဆင်းရတုန်းကဆိုလျှင် ဒီထက်မက လေးလံသည့် ပစ္စည်းများကို သယ်ပိုး၍ နာရီပေါင်းများစွာ လမ်းလျှောက်ခဲ့ရသည်။ ကုန်းကမူပေါင်းများစွာကိုလဲ ပြေးတက်၊ ပြေးဆင်း လုပ်ခဲ့ရသည်။ သီဟ အမောခံနိုင်သလို အကြမ်းလဲ ခံနိုင်ပါသည်။
အမှန်တကယ်ဆို Black Eagles ဟု လျှို့ဝှက်နာမည် ပေးထားသော သီဟတို့ အဖွဲ့တွင် သူသည် အသက်အငယ်ဆုံးဖြစ်သည်။ အသက် နှစ်ဆယ်ကျော်သာ ရှိသေးသည်မို့ တပ်ဖွဲ့မှုးခေါင်းဆောင်ဖြစ်သော စိုင်းဗလနှင့် ယှဉ်လိုက်လျှင် သီဟသည် ချာတိတ်သာသာပင်။ သို့ရာတွင် သီဟတို့ တစ်ဖွဲ့လုံး ဘယ်သူမှ သူ့ကို မလေးမစား မဆက်ဆံကြ။ အင်မတန်မှ လက်ဖြောင့်သည့်အပြင်၊ မာရေကြောရေ နိုင်ကာ ဒူပေဒါပေ ခံလှသည့် သီဟကို အားလုံးက လက်မြှောက်ထားကြရသည်။ ထို့ကြောင့် တပ်ဖွဲ့မှုးက ပေါ့ပေါ့ပါးပါးနှင့် ခရီးထွက်ဖို့ မှာခဲ့ပေမယ့်၊ သီဟက စစ်မြေပြင်သုံး လက်နက်ကိရိယာတွေကို သိမ်းကျုံးထည့်ကာ လွယ်လာသည်ကို ဘယ်သူမှ ဘာမှ ၀င်မပြောခဲ့တာ ဖြစ်သည်။
သစ်လုံးတဲ၏ နောက်ဖေးဘက်ရှိ တံခါး၏ တစ်ဖက်တစ်ချက်ဆီသို့ သီဟတို့ လေးယောက်ပြေးကပ်ကာ နေရာယူသည်။ ရိုင်ဖယ်ကို အသေအချာ ကိုင်ထားလျှက် သီဟလက်မှ အချက်ပြ တိုင်မင်ပေးသည်။ အချက်စေ့၍ သစ်သားတံခါးကို ကန်ဖွင့်တော့မည့် ဆဲဆဲတွင် တဲထဲမှ အသံတိုးတိုးတစ်ခုကို ကြားလိုက်ရသည်။
“သီဟ .. ဘာသံလဲ .. တယ်လီဖုန်းသံလိုလိုပဲ ..“
သီဟနောက်နားတွင် ကပ်ကာ ရှိနေသူ ၀င်းထင်ထံမှ ဝေခွဲမရစွာမေးသံ ပေါ်လာသည်။ သီဟ ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ။ မျက်မှောင်ကို ကြုံ့ကာ စဉ်းစားရင်း တိုးတိုးမှန်မှန် ပေါ်ထွက်နေသည့် အသံကို နားစိုက်ကြည့်သည်။ ရုတ်တရက်ဆိုသလို သီဟ မျက်လုံးအစုံ ပြူးကျယ်သွားသည်။
“အား !!… အားလုံး ..“ “၀ုန်း“
သီဟ စကားသံ မဆုံးလိုက်ပေ။ အင်မတန်မှ ပူလောင်ပြင်းထန်သည့် အားလှိုင်းတစ်ခုကို ခံစားလိုက်ရပြီး သူ့ကိုယ်သည် လေထဲသို့ မြှောက်တက်သွားသည်။ ဗုန်းခနဲ မြည်သံနှင့်အတူ သူ့ကိုယ်က မြေပြင်ပေါ် ပြန်အကျတွင် သီဟ ကိုယ်အနှံ့အပြားမှ နာကျင်မှုကို ခံစားရသည်။ အသည်းခိုက်လောက်အောင် စူးရှလှသည့် ထိုးဆွမှုတွေကြောင့် သီဟ ချက်ချင်း သတိလစ်တော့မတတ်ဖြစ်သည်။ အတတ်နိုင်ဆုံး စိတ်ကို တင်းထားလိုက်ပြီး သီဟ ကျရာနေရာမှ လှိမ့်ထွက်သည်။ နားထဲတွင်မူ တဖြစ်ဖြစ် တောက်လောင်နေသည့် မီးစွဲသံတွေနှင့်၊ ကမ္ဘာပျက်မတတ်အော်ညည်းနေကြသည့် သူ့တပ်ဖွဲ့သားတွေ၏ အော်သံများက မကြားချင်မှ အဆုံးပင်။ ပေါက်ကွဲရာ နေရာမှ ခပ်လှမ်းလှမ်းသို့ အရောက်တွင် ရိုင်ဖယ်သေနတ်ကို မြေပြင်ပေါ် စိုက်ကာ သူအားတင်း၍ ထသည်။ ဘယ်ဘက်ခြေထောက်က ကောင်းကောင်းထောက်မရတော့သလို သူအမြင်အာရုံကလဲ ပီပီပြင်ပြင် ရှိမနေချေ။ သီဟ နာကျင်မှုကို လျစ်လျူရှုပြီး တစ်လှမ်းချင်း စလျှောက်သည်။ ဘယ်ကို လျှောက်မိမှန်း သူမသိသလို၊ ဘယ်လောက်အထိ လျှောက်မိမှန်းလဲ သူမသိ။ သူ့နားထဲတွင် မီးလောင်သံ၊ အော်ညည်းသံများသည် တစစ အဝေးမှာ ကျန်ရစ်ခဲ့လေသည်။
တောင်စွယ်တွင် နေကွယ်ချေပြီ။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုက ကြီးစိုးလာသည်နှင့်အမျှ သီဟအဖို့ လမ်းလျှောက်ရတာ ပို၍ ခက်ခဲလာသည်။ သူရောက်ရှိနေသည့် နေရာက ထူထပ်သိပ်သည်းသည့် တောတန်းတစ်ခုမို့ နေမင်း ကွယ်ပျောက်သွားချိန်တွင် အလင်းရောင်ဆို၍ ဘာဆိုဘာမှ မရှိ။ ဘယ်နေရာ ကြည့်ကြည့် အမှောင်ကသာ နေရာယူထားသည်။ ဒီအတိုင်းဆိုလျှင် သူဘယ်လိုမှ ခရီးဆက်သွားလို့ မဖြစ်။ သီဟ အသက်ကို ကြိုးစားရှူရင်း လှုပ်ရှားမှုကို ရပ်ကာ အနားကို မျက်စိကစား ကြည့်သည်။ ဆယ်ပေကျော်ကျော်အကွာအဝေးတွင် သစ်ပင်ကြီးတစ်ခုကို တွေ့သည်။ ဒီညတော့ သစ်ပင်ခြေရင်းတွင်ပင် စခန်းချရပေတော့မည်။ သီဟ စိတ်တင်းကာ သစ်ပင် ခြေရင်းသို့ တစ်လှမ်းချင်းတိုးသွားသည်။
ဘာမှ မဟုတ်သည့် အကွာအဝေးပေမယ့် ရောက်ဖို့တော့ သီဟ တော်တော်အားထုတ်လိုက်ရသည်။ သစ်ရွက်ခြောက်များ ပြန့်ကျဲနေသည့် သစ်ပင်ခြေရင်းသို့ အရောက်တွင် သီဟ ဘယ်လိုမှ ထိန်းမထားနိုင်တော့ပဲ ပစ်လဲကျသည်။ မရဏသေမင်းသည် သူ့ကို အန်တုက ဖက်ပြိုင်နေသည့် သီဟကို စိတ်ဆိုးနေဟန်တူသည်။ ပုံ့ခနဲ လဲကျသွားသည့် သီဟကို ပြန်ထမလာနိုင်အောင် ခန္ဓာကိုယ်အနှံ့အပြားကို နာကျင်စေမှုနှင့် ရက်ရက်စက်စက် တုံ့ပြန်သည်။
“ဟား … ဟား .. ဟား … “
သီဟ၏ နှုတ်မှ ခြောက်ကပ်ကပ် ရယ်သံက တိတ်ဆိတ်နေသည့် တောထဲတွင် ပြန့်နှံ့သွားသည်။ သူ သေရမည်ကို မကြောက်။ အဖေ၊ အမေမရှိ၊ ညီအစ်ကို မောင်နှမ မရှိ။ ချစ်သူ ရည်းစား မရှိသည့် သူ့အဖို့ လူ့လောကသည် အစကတည်းက နေချစ်စရာ ကောင်းလှသည် မဟုတ်။ သေခြင်းတရားသည် သူ့အတွက်တော့ နွံအိုင်တွေထဲမှ ခြေထောက်ကို ဖမ်းတွယ်တတ်သည့် မြော့ကြီးများလောက်တောင် ကြောက်စရာ ကောင်းလှသည်မဟုတ်ပေ။ မထီတရီ နိုင်လှသည့် အပြုံးတစ်ခုက သူ့မျက်နှာတွင် မိမိရ ရှိကာနေသည်။
သို့ရာတွင် လောကသည် တခါတရံတွင် ဆန်းကျယ်လှသည်။ ရတာမလို၊ လိုတာမရ ဖြစ်တတ်သည်က လောက၏ လှည့်စားမှု တစ်ခုပင်။ အခုလဲကြည့်။ သေလောက်အောင် ဒဏ်ရာအနှံ့အပြား ရနေသည့်တိုင် သီဟ မသေသေးပေ။ တုတ်တုတ်မျှ မလှုပ်ပဲ လဲလျောင်းနေရသည့် အချိန်ပိုင်းအတွင်း သူ့အသိစိတ်က တစတစ ပြန်ကြည်လင်လာသည်။ အချိန်အနည်းငယ် ကြာသွားပြီးနောက် သီဟ ကြိုးစား၍ သူ့ကိုယ်ပေါ်က မခွာရသေးသည့် ကျောပိုးအိတ်ကို ဖြုတ်ချကြည့်သည်။ ဗုတ်ခနဲ မြည်သံနှင့်အတူ လေးလံသည့် အရာတစ်ခုက သူ့ကိုယ်ပေါ်မှ ကွာသွားသည်။ ပေါ့ပါးသွားသည်မို့ သီဟ “ဟူး“ခနဲ မြည်အောင် အသက်ကို ရှူလိုက်ပြီး ကိုယ်ကို ကြိုးစားမတ်ကြည့်သည်။ သစ်ပင်ကြီး၏ ပင်စည်ကို မှီလျက် တဆစ်ချိုး ထိုင်လို့ရသွားသည်။ အနည်းငယ် သက်တောင့်သက်သွား ရှိသွားသဖြင့် သီဟ တော်တော်ပျော်သွားလေသည်။
သို့သော် သူ့အပျော်သည် တာရှည်မခံ။ ခပ်လှမ်းလှမ်းမှနေ၍ ဂူးခနဲ မာန်ဖီသည့် အသံများကို သီဟ ကြားလိုက်ရသည်။ အန္တရာယ်အချက်ပေး ခေါင်းလောင်းသံများက သီဟ၏ ခေါင်းထဲတွင် ဆူညံသွားသည်။ မောင်းပြန်ရိုင်ဖယ်ကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး PEQ box နှင့်တွဲထားသည့် စပေါ့လိုက်မီးကို အသံကြားရာသို့ ချိန်ဖွင့်သည်။
“မင်း မေ …ခွေးမသား …“
သီဟနှုတ်မှ ဆဲသံက တစ်ပိုင်းတစနှင့်ရပ်သည်။ ခွေးမသားလို့ ဆဲလို့ စပေါ့လိုက်မီးရောင်အောက်မှ သတ္တ၀ါက အရေးစိုက်မည် မထင်။ ခွေးကို ခွေးသားလို့ ဆဲခြင်းသည် သူတို့အဖို့တော့ ဘာမှ ထူးခြားမှု ဖြစ်မည်မထင်။ သီဟ ကံကြမ္မာကိုသာ ကျိတ်ပြီး အပြစ်တင်ရင်း နီရဲနေသည့် မျက်လုံးများနှင့် သူ့ကို စိုက်ကြည့်နေသည့် အကောင်တွေကို ရေတွက်သည်။
“တစ်ကောင် .. နှစ်ကောင် .. သုံးကောင် .. အားပါးပါး .. မနည်းပါလား ..“
ငါ .. ဒီညတော့ တကယ်သေပြီ ထင်ပါရဲ့ ။ ဟုတ်ပေသည်။ သီဟကို ၀ိုင်းထားသည်က ၀ံပုလွေအုပ်စု။ ရိုးရိုးဝံပုလွေတောင်မှ ဟုတ်ရဲ့ လားမသိ။ အကောင်ကြီးတွေက နည်းတာမဟုတ်။ သွားစွယ်အဖွေးသား ပေါ်အောင် တဂူးဂူး တဂဲဂဲ မာန်ဖီလျက် သီဟကို ရန်လိုသည့် အကြည့်နှင့် ကြည့်နေကြသည်။ သီဟ အချိန်ဆိုင်းမနေတော့။ သူ့အသက် ကိုယ့်အသက် လုရတော့မည်မို့ ရိုင်ဖယ်၏ ခလုတ်ကို ဆွဲချဖို့ ပြင်သည်။
“ဂါး … ဒတ် .. ဒတ် … ဂူး … ဒတ် .. ဒတ် …“
ရိုင်ဖယ်သေနတ်သံနှင့် ၀ံပုလွေတို့၏ မာန်ဖီသံများက ဆူညံသွားသည်။ သီဟဘက်မှ လက်ဦးမှု ယူပေမယ့် ဒီတိုက်ပွဲတွင် သူမနိုင်ပါ။ ၀ံပုလွေ လေးကောင် သူ့အနားတွင် ပုံကာ လဲကျသွားပြီးနောက် သူ့လက်ထဲမှ ရိုင်ဖက်ကို ၀ံပုလွေတစ်ကောင်က ကိုက်ယူသွားခြင်းခံလိုက်ရသည်။ တချိန်ထဲမှာပင် သူ့ဘယ်ဘက်ခြေထောက်မှ အသားဆိုင်တွေ ဖွာခနဲ လွင့်ထွက်သွားသလို ခံစားရသည်။
“အား !!! …“
နာနာကျဉ်းကျဉ်း အော်ညည်းလိုက်ပြီးနောက် သီဟ တစ်ယောက် မျက်စိကို စုံလုံးမှိတ် ထားလိုက်သည်။ ဘာကိုမှ သူဂရုမစိုက်တော့။ သေမင်းသည် ဒီတစ်ခါတော့ သူ့ကို မရဏနိုင်ငံသို့ မပါပါအောင် ခေါ်တော့မည်။ သူ့လည်မျိုကို ကိုက်ခဲလာမည့် ၀ံပုလွေ၏ သွားစွယ်တွေကိုသာ သီဟ စောင့်မျှော်နေတော့သည်။
“ရှီ …. ရှီ ….“
ကံဇာတ်ဆရာသည် တခါထပ်၍ မျက်လှည့်ပြချေပြန်ပြီ။ အချက်ပေးသံလိုလို အသံတစ်ခုကို နားမခံနိုင်အောင် ကြားလိုက်ရသည်။ ထိုအသံ၏ အဆုံးတွင် သီဟကိုယ်ပေါ်ကို ခုန်အုပ်ဖိထားသော ၀ံပုလွေသည် စူးရှစွာ အော်မြည်လျက် နောက်သို့ ဆုတ်သွားသည်။ ဘာတွေ ဖြစ်ကုန်တာလဲ ဟ။ ရုတ်ချည်းပြောင်းလဲသွားသော အဖြစ်အပျက်ကြောင့် သီဟ အံ့အားသင့်မိသည်။ မြေပြင်ပေါ် ပြုတ်ကျနေသည့် ရိုင်ဖယ်ကို ကြိုးစားပြီး ကောက်ဖို့ပြင်သည်။ သို့ပေမယ့် သူ့လက်က ရိုင်ဖယ်ကို ထိခါနီးဆဲဆဲ အချိန်တွင် သီဟ၏ လှုပ်ရှားမှုသည် ရပ်တန့်သည်။ သူ့ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွားပြီးနောက် တလောကလုံး မှောင်အတိ ဖုံးလွှမ်းသွားလေတော့သည်။
သီဟ သတိပြန်ရလာချိန်တွင် ပတ်ဝန်းကျင်သည် အမှောင်ထုအောက်၌ ရှိမနေတော့ပါ။ နံနက်ခင်း၏ နေရောင်သည် သူလဲလျောင်းနေရာရှိ သစ်ပင်ကြီး၏ အရွက်ဖားဖားများကြားမှ ထိုးဖောက်ကာ သူ့မျက်နှာပေါ်သို့ ကျရောက်နေလေသည်။ သီဟ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်ပြုရင်း ပင်ပန်းနွမ်းနယ်နေသော မျက်ဝန်းတွေကို ကြိုးစားကာ ဖွင့်သည်။ စက္ကန့်ပိုင်းမျှ ကြာအောင် သူဘာမှ မလှုပ်ရှားမိသေးပဲ ကောင်းကင်ကြီးကို မော့ပြီး ကြည့်နေမိသည်။ သူ နောက်ထပ်တစ်ဖန် သေမင်းလက်မှ လွတ်မြောက်ခဲ့ပြန်ပြီ ဖြစ်သည်။ သို့ရာတွင် သီဟ စိတ်ထဲ၌ ထူးထူးဆန်းဆန်း ပျော်ရွှင်သည် မဖြစ်။ အမှန်အတိုင်းဆိုရလျှင် အနည်းငယ်တောင် စိတ်ပျက်နေသေးသည်ဟု ပြောရပေမည်။
“မင်း .. ငါ့ကို ဘယ်လိုနည်းနဲ့မှ ပေးမသေတော့ဘူးလား?? …“
စိတ်ပျက်လက်ပျက် ညည်းညူအော်ဟစ်မိသည့် သီဟ၏ စကားသံအဆုံးတွင် သူ့ညာဘက်ဘေးမှ လှုပ်ရှားသံတစ်ခုကို ကြားရသည်။
“ရှင် ဒီလိုသေချင်မှန်းသိရင် ကျမ မကယ်ခဲ့ပါဘူး …“
သီဟ စကားပြောသံလာရာသို့ ခေါင်းစောင်းကာ လှည့်ကြည့်မိသည်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရုတ်တရက် နှလုံးခုန်ဖို့တောင် မေ့လျော့သွားသည်။ ကွန်မန်ဒို စစ်သားတစ်ဦးဖြစ်ပေမယ့် လူငယ်၊ လူရွယ်တစ်ယောက်မို့ သီဟ အချစ်နှင့် မကင်းခဲ့ပေ။ အချစ်နှင့် မကင်းသည့်အလျောက် မိန်းကလေးများနှင့် သူရင်းနှီးကျွမ်းဝင်ဖူးသည်။ သို့သော် သူ့ညာဘက်က ခပ်လှမ်းလှမ်းရှိ သစ်မြစ်ဆုံတစ်ခုပေါ်တွင် ထိုင်ကာနေသည့် မိန်းမငယ်လေးလောက် လှပသည့် မိန်းမကို မတွေ့ဖူးသေးပေ။ စာတွေထဲတွင် ပြောလေ့ရှိသည့် အသက်ရှူမှားလောက်အောင် လှသည့်အလှဆိုတာ ဒါကို ပြောတာ ဖြစ်ရမည်ဟု သူ ရူးကြောင်ကြောင် တွေးမိသည်။ သီဟ ရုတ်တရက် ဘာလုပ်လို့၊ ဘာပြောရမှန်းမသိ။ မျက်လုံးအပြူးသားနှင့်သာ မိန်းကလေးကို ခြေဆုံးခေါင်းဆုံး စိုက်ကြည့်နေမိသည်။
မိန်းကလေးသည် ထူးထူးဆန်းဆန်း တောတွင်းသူများကဲ့သို့ ၀တ်စားထားသည်။ လှပချောမွေ့သည့် မျက်နှာအနေအထားကြောင့် မိန်းကလေး၏ အသက်ကို သီဟ မမှန်းဆနိုင်ပေ။ မျက်နှာကလေးက နုနယ်ပေမယ့်၊ ကျန်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းများကမူ ထွားကျိုင်းလှသည်။ တာဇံမလေးသဖွယ် ၀တ်စားထားသည့် အ၀တ်အစားများကြောင့် မိန်းမငယ်လေး၏ လျှို့ဝှက်အပ်သော နေရာမှအပ ကျန်သည့် အသားဆိုင်များကို ပကတိအတိုင်း မြင်နေရသည်။ သီဟ တစ်ယောက် ကြည့်နေရင်းနှင့် အသက်ရှူမြန်လာသည်မို့ သူ့အကြည့်ကို မိန်းမငယ်လေး၏ကိုယ်ပေါ်မှ အမြန်ဖြတ်ကာ မျက်နှာလေးသို့သာ ပြန်စိုက်ကြည့်လိုက်သည်။ ထိုရောအခါမှ မိန်းမငယ်လေး၏ မျက်နှာတွင် ထူးခြားမှုတစ်ခုကို သီဟ သွားတွေ့သည်။ ဟင် .. သူ့မျက်လုံးတွေက အ၀ါရောင်ပါလား။ သူ့အကြည့်များ မှားသွားတာလားဆိုပြီး မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြန်ကြည့်သည်။ သီဟ အကြည့်မမှား။ သူမ၏ မျက်လုံးတွေသည် တကယ်ပင် ကြောင်တစ်ကောင်၏ မျက်လုံးအလား အ၀ါရောင်တောက်ကာ လက်နေသည်။ ထို့အပြင် သီဟ နောက်ထပ်တစ်ခါ ထူးခြားမှုတစ်ခုကို မိန်းမငယ်လေး၏ ခေါင်းပေါ်တွင် ထပ်တွေ့သည်။ သူမ၏ နားရွက်တွေသည် သားရဲတိရစ္ဆာန်တစ်ကောင်၏ နားရွက်များနှယ် ရှည်ကာထွက်နေသည်။ ဒါ … ဒါ ..
“မင်း … ဘယ်သူလဲ …“
စိတ်လှုပ်ရှားမှုကို ကြိုးစားထိမ်းကာ မေးလိုက်သည့်တိုင် သီဟ အသံသည် အနည်းငယ်တုန်ခါနေသည်။ မိန်းကလေးသည် သီဟ၏ အမေးကို မဖြေ။ ထိုင်နေရာမှ ထကာ သူ့ဆီသို့ လျှောက်လှမ်းလာသည်။ သီဟ ရင်ထဲ ရုတ်ချည်းဆိုသလို ထိတ်လန့်မှု လွှမ်းမိုးလာသည်။ သူလဲနေရာမှထဖို့ ကြိုးစားသည်။ သို့သော် သူထလို့မရ။ သီဟ အခုမှ သတိထားမိသည်။ သူ၏ လက်နှစ်ဖက်သည် ရှေ့တွင် ရှိမနေပဲ နောက်ကျောဘက်သို့ ရောက်ကာ ချည်နှောင်ထားခြင်း ခံရသည်ကို။ သီဟ သူ့ကိုယ်သူ ကျိတ်ကာဆဲမိသည်။ သတိပြန်ရလာတာ အချိန်အနည်းငယ်ကြာသွားပေမယ့် သူအခုမှ လက်ပြန်ကြိုးတုတ်နှောင်ခံထားရသည်ကို သိရတယ်လို့။
“တောက် !! … ဟေ့ …. မင်း .. ငါ့ကို ဘာလို့ကြိုးတုတ်ထားတာလဲ … အခုဖြေပေစမ်း ..“ “မဖြေပေးနိုင်ဘူး … ရှင့်ကို ကျမ အဖေရှိရာကို ခေါ်သွားပြီး ကျမတို့ အမျိုးအနွယ်တွေကို သတ်ဖြတ်မှုရယ်၊ နယ်မြေ ကျူးကျော်မှုရယ်အတွက် စစ်ဆေးရဦးမယ် ..“
မိန်းကလေး ဘာဆိုလိုသည်ကို သီဟ နားမလည်။ သူမတို့ အမျိုးအနွယ်။ အဲဒါ ဘာလဲ။ သူ သတ်ပစ်လိုက်တဲ့ ၀ံပုလွေတွေကို ဆိုလိုတာလား။ ဒါဆို သူမက .. ။
“ဟေ့ .. မင်း ငါ့ကို နောက်နေတာလား … ငါက နယ်မြေ ကျူးကျော်ရအောင် မင်းတို့က ဘာတွေမို့လို့လဲ .. ငါ .. အာ ..“
သီဟ၏ စကားက တစ်ပိုင်းတစ်စနှင့် ရပ်သွားရသည်။ တောတွင်းသူ မိန်းမလှလေး၏ လက်က သူမ၏ နောက်ကျောဘက်ရှိ လွယ်ထားသော အရာတစ်ခုကိုဆွဲထုတ်လိုက်သည်။ သူ့လည်ပင်းပေါ်သို့ ရုတ်ချည်းဆိုသလို ရောက်လာသည်က အရောင်တလက်လက်ထနေသာ ဓါးရှည်တစ်ချောင်း။
”ကျမအဖေကသာ ရှင့်ကို အသက်ရှင်လျှက် ခေါ်လာခဲ့ဖို့ မမှာထားဘူးဆိုရင် ရှင့်ခေါင်းက အခုအချိန် ရှင့်ကိုယ်ပေါ်မှာ ရှိတော့မှာ မဟုတ်ဘူး .. အဲဒီတော့ ဘာစကားမှ မရှည်ပဲ ကျမ ခေါ်တဲ့နောက်သာ လိုက်ခဲ့ပေတော့ ..“ “ဟုတ်လား .. ဒါဆိုရင်တော့ မင်းအဖေကို ငါက ကျေးဇူးတင်ရဦးမှာပေါ့ ..“

Comments

Popular posts from this blog