ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ် (2)
ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ် (2)
နတ်သား အချစ်တက္ကသိုလ်ဖိုရမ်
နတ်သား အချစ်တက္ကသိုလ်ဖိုရမ်
သီဟ မခံချင်သည့်စိတ်ကြောင့် ခေါင်းကို မလှုပ်ရဲသည့်တိုင် နှုတ်တွန့်တော့ ပြန်မိသည်။ မိန်းကလေးသည် သီဟကို စူးစူးစိုက်စိုက်ကြည့်ပြီး အေးစက်သည့်လေသံနှင့် စကားတစ်ခွန်းကို ဆိုသည်။
“ရှင် ဘယ်လောက်အထိ ကျေးဇူးတင်တယ်ဆိုတာ ကျမအဖေနဲ့တွေ့မှ ပြော .. အခုတော့ ရှင့်ပါးစပ်ကို ပိတ်ထား.. နောက်ထပ် ရှင့်ပါးစပ်က စကားတစ်ခွန်း ထပ်ထွက်တာနဲ့ ကျမကို အဆိုးမဆိုနဲ့“
သီဟတို့ နှစ်ယောက် လမ်းလျှောက်လာသည်မှာ အချိန်နှစ်နာရီခန့် ကြာခဲ့ပြီဖြစ်သည်။ နှစ်နာရီဆိုသည်မှာ တကယ်ဆိုလျှင် ဘယ်လောက်မှ မဟုတ်သည့် ကာလ အပိုင်းအခြားတစ်ခု ဖြစ်သော်လဲ၊ စကားတစ်ခွန်းမှ မပြောပဲ တရွတ်တိုက်ဆွဲခေါ်မှုကို ခံလာရသည့် သီဟအတွက်တော့ အင်မတန်မှ ပျင်းရိစရာကောင်းလှပေသည်။ သီဟ ချည်နှောင်ထားခြင်း ခံရသည့် သူ့လက်ကို ကြိုးစားကာဖြေကြည့်သေးသည်။ တာဇံမသည် သူ့ကို ဘယ်လိုနည်းနှင့် ချည်နှောင်ထားသည် မသိ။ ဖြေလို့မရ။ သူ လက်ကောက်ဝတ်တွေ ပွန်းပံ့ကုန်တာပင် အဖတ်တင်သည်။
“ဟေ့ … မင်း နာမည် ဘယ်လိုခေါ်လဲ …“
ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ၊ ခေါ်ဆောင်ရာနောက်သို့ ပျင်းရိညည်းငွေ့စွာ လိုက်လာရမှုကြောင့် သီဟ ပါးစပ်ပိတ်ကာ မနေနိုင်။ ရှေ့မှသွားနေသော မိန်းကလေးသည် သီဟ စကားကို မကြားသည့်အလား၊ လှည့်တောင်မကြည့်ပဲ ဆက်၍ သွားသည်။ ခြေလှမ်းကို ပို၍ မြန်စွာ လျှောက်သွားမှုကြောင့် သူ့လည်ပင်းတွင် ချည်နှောင်ထားခြင်း ခံရသော ကြိုးကွင်းက တင်းခနဲ ဖြစ်သွားသည်။ သီဟ လည်ပင်းအစ်မလို ဖြစ်သည်။ ကမန်းကတမ်း ခြေလှမ်းကို မြှင့်တင်လိုက်ရသည်။ ဒေါသ ထောင်းခနဲ ထွက်သွားသည့်အလျောက် ..
“ငါက စကားကောင်းကောင်း မေးနေတာ .. မင်းက မပြောချင်ဘူး .. အေးရတယ် .. မင်းမပြောရင် ငါမင်းကို ကြိုက်တဲ့နာမည်နဲ့ ခေါ်မယ် … “ခွေးမ“ ဆိုရင် ကောင်းမလား ..“
သီဟ နှုတ်မှ “ခွေးမ“ ဆိုသည့် စကားထွက်ထွက်လာချင်း ရှေ့မှသွားနေသူ မိန်းကလေး၏ ခြေလှမ်းတွေရပ်သည်။ သီဟ ကိုယ်တိုင် လမ်းလျှောက်နေမှုကို ရပ်လိုက်ပြီး တာဇံမ ရန်ပြုလာပါက ခုခံဖို့ ခြေထောက်ကိုခြဲကာ နေရာယူထားလိုက်သည်။ သို့သော် မိန်းကလေးက ရန်ပြုလာခြင်း မရှိပါ။ သူ့ကို စိမ်းခနဲ တစ်ချက်သာ စိုက်ကြည့်သည်။ ပြီးမှ ..
“ကျမ နာမည် .. လင်းသဒ္ဒါ ..“
သီဟ အံ့အားသင့်သွားသည်။ လင်းသဒ္ဒါဆိုသည့် နာမည်ကို သူပြန်ရွတ်ကြည့်မိသည်။ လှလိုက်သည့် နာမည်။ သူမနှင့် လိုက်ဖက်လှသည်။ ဒီ လင်းသဒ္ဒါဆိုသည့် ကောင်မလေးကို ခေတ်ပေါ်မိန်းကလေး အ၀တ်အစားနှင့် မြို့ပေါ်မှာသာ တွေ့လိုက်လျှင် ယခုခေတ် နာမည်ကြီးနေသော မော်ဒယ်လ်များထက်ပင် သာသွားပေမည်။ သီဟ တစ်ယောက် အတွေးနယ်ချဲ့နေမိစဉ်တွင် လင်းသဒ္ဒါသည် ရှေ့ကို မျက်နှာပြန်လှည့်သွားပြီး သူမရှေ့ရှိ ချုံတစ်ခုကို ဓါးဖြင့်ဖယ်ကာ တိုးသွားသည်။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်သည့် သီဟ နောက်ထပ်တစ်ခါ လည်ပင်း အစ်မခံရအောင် အမြန်လိုက်သည်။
“ဟေ့ …“
နောက်ထပ်စကားရှည်ဖို့ ပြင်နေသော သီဟ၊ ချုံဖုတ်အကွယ်မှ လှမ်းမြင်ရသော မြင်ကွင်းကြောင့် စကားပြောဖို့ မေ့သွားသည်။ သူမျက်စိတွင် မြင်လိုက်ရသည်က တောင်ကြားတစ်ခု။ ရိုးရိုး တောင်ကြားမဟုတ်။ လူနေအိမ်ခြေ အလုံးလေးငါးဆယ်ထက် မနည်းစုဝေးကာရှိနေသော တောင်ကြားတစ်ခု။ ဒါ လင်းသဒ္ဒါပြောသည့် သူမ အဖေ၏ နေရာများလား။ သူ့အနားတွင် အတူယှဉ်ကာ ရှိနေသော လင်းသဒ္ဒါဘက် လှည့်ကြည့်ကာ …
“လင်းသဒ္ဒါ .. ဒါ မင်းတို့ နေရာလား …“ “ဟုတ်တယ် … အခု အချိန်ကစပြီး ရှင် ပါးစပ်ပိတ်ပြီး ပြန်နေရင် ကောင်းမယ် ထင်တယ် ..“
လင်းသဒ္ဒါ မြင်သည်မမြင်သည် မသိ။ သီဟ ပုခုန်းနှစ်ဖက်ကို တွန့်ပြပြီး နောက်ကနေ ဆင်းလိုက်လာခဲ့သည်။ စိတ်ထဲမှတော့ ပေါက်တတ်ကရတွေ သူလျှောက်တွေးနေမိသည်။ လင်းသဒ္ဒါ .. ဒီလောက်လှတဲ့ကောင်မလေး။ ငါနောက်ကနေ လိုက်လာတုန်း ကျိတ်ပြီး ပြစ်မှားနေတာတွေ မသိဘူး။ အခွင့်အရေးရလို့ရှိလျှင်တော့ ဒီဟာမလေးကို ကောင်းကောင်းလုပ်ပစ်ရမယ်။ လင်းသဒ္ဒါနဲ့ ငါနဲ့သာ ညိလို့ရှိလျှင် လင်းသဒ္ဒါအဖေဆိုတာ ငါ့ယောက္ခမ ဖြစ်သွားမှာပဲ။ ဒါဆိုလျှင်တော့ ငါ့အသက်ကို ချမ်းသာပေးကောင်းပါရဲ့ … ဟင်း .. ဟင်း။
သီဟတို့နှစ်ယောက် အိမ်ကလေးများရှိရာ တောင်ကြားထဲသို့ ဆင်းသွားချိန်တွင် သူတို့နှစ်ယောက် ခေတ္တရပ်ကြည့်ခဲ့ရာ ချုံပုတ်၏ နောက်ကွယ်၌ သတ္တ၀ါတစ်ကောင် ပေါ်လာသည်။ ထိုသတ္တ၀ါသည် ရုတ်တရက်ကြည့်လျှင် မျောက်တစ်ကောင်အလား ထင်ရသည်။ သို့ပေမယ့် ထိုအကောင်သည် မျောက်မဟုတ်။ ရုတ်တရက်ဆိုသလို ထိုသတ္တ၀ါ၏ ဘေးတစ်ဖက်တစ်ချက်မှ တောင်ပံများ ပေါ်ထွက်လာပြီး ချက်ချင်းဆိုသလို လေထဲသို့ ပြန်တက်သွားသည်။ ထို့အပြင် တကိုယ်လုံး ချင်းချင်းနီနေသော ထိုအကောင်၏ နှုတ်မှ ထူးထူးဆန်းဆန်း စကားသံတစ်ခု ထွက်ပေါ်လာသည်။
“ဟိုအကောင် ရွာထဲရောက်သွားပြီဆိုတဲ့အကြောင်း… ငါ့ သခင်ဆီ မြန်မြန်သတင်းပို့မှပဲ …“
သီဟနှင့် လင်းသဒ္ဒါသည် တောင်ကြားရှိ ရွာထဲသို့ စတင်ဝင်ရောက်နေပြီ ဖြစ်သည်။ ရွာထဲရှိ အိမ်တွေ၏ တည်ဆောက်ပုံသည် သီဟ အဖို့တော့ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည်။ သူရောက်ဖူးသည့် ကျေးရွာများတွင် တွေ့ရလေ့ရှိသောအိမ်မျိုးနှင့် ပုံစံ သိပ်မတူခြေ။ သစ်လုံးများအများစုနှင့် ဖွဲ့စည်းထားသော အိမ်များသည် အိမ်ဟုခေါ်ရမည်ဆိုတာထက် ဂူဟုခေါ်လျှင် ပို၍ မှန်ကန်ပေလိမ့်မည်။ စိတ်ကူးယဉ်ကမ္ဘာထဲရှိ ထူးဆန်ရာ နယ်မြေတစ်ခုသို့ ရောက်ရှိသွားသည့်အလား ထင်မှတ်နေရသည်။
သီဟ၏ အံ့သြမှုက ထိုဂူပုံသဏ္ဍန်အိမ်များ၌ အဆုံးမသတ်ပါ။ သူတို့နှစ်ယောက် ရွာထဲဝင်လာသည်နှင့် အိမ်များထဲမှ အလျှိုလျှိုထွက်လာကြသော လူသားများကြောင့် ပို၍ အံ့အားသင့်ရပြန်သည်။ လင်းသဒ္ဒါ၏ ထူးခြားဆန်းကြယ်သော ပုံစံကို တွေ့မြင်ဖူးပြီမို့ သူမနှင့် အလားသဏ္ဍန်တူသော ရွာသူ၊ ရွာသားများ ထွက်လာခြင်းကို သီဟ မအံ့သြပါ။ သူ အံ့အားသင့်မိသည်က ထိုလူတစ်ပိုင်း၊ ၀ံပုလွေတစ်ပိုင်း သတ္တ၀ါများမှလွဲ၍ ကျန်သည့် အကောင်များသည် တကယ့်ဝံပုလွေများနှင့် မခြား တူညီနေသည့် ဖြစ်ရပ်ပင်။ ခြေထောက်နှစ်ချောင်းကို ထောက်ကာ မတ်တပ်ရပ်နေမှု တစ်ခုကြောင့်သာ သီဟ အဖို့ ၎င်းတို့အား ၀ံပုလွေအဖြစ် ယူဆဖို့ ခက်နေခြင်း ဖြစ်သည်။ ဒီလိုမှ မဟုတ်လျှင် သီဟတစ်ယောက် ၀ံပုလွေကမ္ဘာထဲသို့ ရောက်နေသည်ဟု ယူဆမိမည်မှာ သေချာလှပါသည်။
ရွာလမ်းမဟု ထင်ရသော လမ်းတလျှောက် လင်းသဒ္ဒါခေါ်ဆောင်ရာသို့ လိုက်ပါလာခဲ့ရာ၊ အတော်ကြာလျှောက်မိသည့်နှင့် ကျယ်ပြန့်သည့် ကွင်းပြင်တစ်ခုသို့ ရောက်ရှိလာလေသည်။ ထိုကွင်းပြင်၏ ရှေ့တည့်တည့်တွင်မူ ရွာထဲတွင် အကြီးဆုံးအိမ်ဟု ခေါ်ဆိုရမည့် အိမ်ကြီးတစ်လုံးသည် ထည်ထည်ဝါ၀ါတည်ရှိနေသည်။ နှစ်ထပ်အိမ်ပုံစံ အဆောက်အဦးမို့ ကြည့်ရသည်မှာ အကြီးအကဲတစ်ဦး၏ အိမ်ဖြစ်ရမည်ဟု သီဟ တွက်ဆသည်။ သူထင်သည်မှာ မမှားပါ။ လင်းသဒ္ဒါသည် ထိုအိမ်ရှေ့ရှိ မြေကွက်လပ်သို့ ရောက်သည်နှင့် ရှေ့ဆက်မသွားတော့ချေ။ ခရီးစဉ်တောက်လျှောက် သယ်ဆောင်လာခဲ့သည့် သီဟ၏ အထုတ်အပိုးများနှင့် သူမ၏ ဓါးရှည်ကို အသင့်ရှိနေသာ သစ်လုံးခုံတစ်ခုပေါ်တင်လိုက်ပြီး အိမ်ကြီးဘက်သို့ မော့ကြည့်ကာ ရပ်နေလေသည်။ ရွာထဲ ၀င်လာစဉ် ကတည်းက သီဟတို့နောက် မလှမ်းမကမ်းမှ ကပ်ကာပါလာကြသည့် ၀ံပုလွေလူစုသည်လဲ သူတို့နှင့် မလှမ်းမကမ်းတွင် ရပ်ကာ ရှိနေကြသည်။
“လင်းသဒ္ဒါ .. မင်းခေါ်ရမယ့် လူပါလာပြီလား …“ “ပါလာပြီ .. အဖေ …“
အိမ်ကြီးဘက်မှ ထည်ဝါလှသော ယောက်ျားကြီးတစ်ဦး၏အသံကို ကြားလိုက်ရပြီးနောက် လင်းသဒ္ဒါသည် သူမ ဦးခေါင်းကို အနည်းငယ်နိမ့်ချပြီး ပြန်ဖြေလိုက်သည်ကို သီဟ သတိထားမိသည်။ စကားသံဆုံးသည်နှင့် အိမ်ပေါက်ဝမှနေ၍ ၀ံပုလွေကြီးနှစ်ကောင် လမ်းလျှောက်၍ ထွက်လာကြသည်။ သီဟ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ လူတစ်ပိုင်း၊ ၀ံပုလွေတစ်ပိုင်းဟု ယူဆရမည့် လင်းသဒ္ဒါ စကားပြောသည်ကို သူ မအံ့သြမိသော်လဲ၊ အခု ၀ံပုလွေနှင့် ချွတ်စွတ်တူသော သတ္တ၀ါက လူစကားပြောလိုက်ခြင်းကို သူဘယ်လိုမှ မအံ့သြပဲ မနေနိုင်။ ထို့အပြင် လင်းသဒ္ဒါ၏ နှုတ်မှ အဖေဟု ခေါ်သံက သူ့အံ့သြမှုကို ပို၍ တိုးပွားစေသည်။ သီဟ အနားရောက်လာသည့် ၀ံပုလွေကြီးနှစ်ကောင်ကို သေချာစိုက်ကြည့်မိသည်။ သူ့ရှေ့တည့်တည့်ရှိ ၀ံပုလွေသည် အသက်ကြီးရင့်သော ပုံစံရှိပြီး တကိုယ်လုံး ငွေရောင်အမွေးများနှင့် ဖုံလွှမ်းထားသည်။ ထိုဝံပုလွေ၏ နဘေးရှိ အခြားသော ၀ံပုလွေမှာမူ သူနှင့်ဆန့်ကျင်ဘက် တကိုယ်လုံး မည်းနက်သော အမွေးများရှိသည်။ ထိုဝံပုလွေအမည်းကြီးသည် သီဟကို ၀င်းလက်စူးရှနေသာ မျက်လုံးများနှင့် စိုက်ကြည့်နေသည်။ ၀ံပုလွေများ၏ သဘောသဘာဝကို နားမလည်သည့်တိုင် ထိုဝံပုလွေ၏ အကြည့်က ရန်လိုသည့် အသွင်ဆောင်နေသည်ဟု သီဟခံစားရသည်။ သီဟဆိုသည်က နဂိုကတည်းက ထီမထင်လူသားမို့ မကြောက်မရွံ့ပင် ထိုဝံပုလွေ၏အကြည့်ကို ခပ်စိမ်းစိမ်း တန်ပြန်ကြည့်ကာ တုံ့ပြန်လိုက်သည်။ ၀ံပုလွေအမည်းသည် သီဟ၏ သဘောကို ရိပ်မိဟန်တူသည်။ သူ၏ပါးစပ်မှ မာန်ဖီသလို အသံထွက်လာပြီး ရှေ့တိုးမည်ပြုသည်။ ချက်ချင်းဆိုသလို ၀ံပုလွေအဖြူကြီးထံမှ လက်တစ်ဖက်က ၀ံပုလွေအမည်း၏ ပုခုံးကို ဆုပ်ကိုင်လိုက်ပြီး …
“ဗျဂ္ဂ … ငါ သူ့ကို စစ်မေးစရာ ရှိသေးတယ် …“
ကြည့်ရတာ ၀ံပုလွေအဖြူကြီးသည် အားလုံးထဲတွင် ခေါင်းဆောင်ဖြစ်ဟန်တူသည်။ ဗျဂ္ဂဆိုသည့် ၀ံပုလွေအမည်းကြီးသည် ထိုစကားသံအကြား၌ မကြေမချမ်းအသံကို ပြုနေပေမယ့် သီဟရှိရာသို့ ရှေ့တိုးလာသည်ကိုတော့ မတွေ့ရပေ။
”ကျုပ်ကပဲ စမိတ်ဆက်ပါ့မယ် .. ကျုပ်နာမည်က သိဒ္ဓိ ပါ .. ကျုပ်တို့ ရွာကတော့ မောင်ရင်မြင်သလိုပဲ ၀ံပုလွေရွာလို့ ဆိုကြပါစို့ .. ရိုးရိုးဝံပုလွေတော့ မဟုတ်ဘူး … ကျုပ်တို့က သမန်းဝံပုလွေတွေ …ကဲ .. မောင်ရင့်အကြောင်း ပြောပါဦး ..“ “ကျနော့် နာမည်က သီဟ .. မြန်မာ့တပ်မတော် ကွန်မန်ဒိုတပ်ရင်းက ..“ “မြန်မာ့တပ်မတော်က ?? … ဒါဆို မောင်ရင်က ဘယ်လိုဖြစ်လို့ ဒီနယ်မြေထဲ ရောက်လာတာလဲ ..“ “ကျနော်လဲ အဲဒါကိုသိချင်တာပဲ .. ဦးသိဒ္ဓိ.. ကျနော် မှတ်မိတာ ဒဏ်ရာတွေရပြီး ခြေဦးတည့်ရာ ထွက်ပြေးလာရင်း ၀ံပုလွေတွေ ၀ိုင်းတာ ခံရတယ် .. အာ .. ၀ံပုလွေဆိုတာ ဦးသိဒ္ဓိတို့လို မဟုတ်ဘူး .. တကယ့် ၀ံပုလွေတွေ … အဲဒီနောက် ကျနော် သတိမေ့သွားတယ် .. သတိပြန်ရတော့ .. ဟောဒီက မချောက ကျနော့်ကို တရွတ်ဆွဲခေါ်လာတာပဲ ..“
သီဟ၏ ရှင်းပြမှုအဆုံးတွင် ဦးသိဒ္ဓိဆိုသည့် ၀ံပုလွေဖြူကြီးသည် အနည်းငယ်တွေဝေသွားသည့်ဟန် ရှိသည်။ ၎င်း၏ ၀ံပုလွေမျက်လုံးတွေသည် သီဟကို စိုက်ကြည့်နေပေမယ့် မြင်ဟန်မတူ။ တစ်စုံတစ်ခုကို စဉ်းစားနေသည်နှင့် တူသည်။ ဟုတ်ပါသည်။ ဦးသိဒ္ဓိ၏ ခေါင်းထဲတွင် သီဟနှင့် ပတ်သက်သည့် အကြောင်းအရာတွေက တကယ်ကို ရှုပ်ထွေးစွာ လည်ပတ်နေလေသည်။ သီဟ … သူ ဘယ်လိုလူလဲ။ ဒီလူသား၏ ၀တ်စားဆင်ယုံပုံနှင့် ပြောပုံဆိုပုံက သူတို့တွေ့ဖူးသော လူသားများနှင့် မတူ၊ ထူးခြားလှသည်။ ဒါဆိုလျှင် သူသည် ကြိုတင်နမိတ်ထဲမှ ပြောသည့် သူရဲကောင်းဆိုတာများလား။ သို့ပေမယ့် လောလောဆယ် ဦးသိဒ္ဓိမြင်ရသည့် သီဟ ပုံစံက ဘယ်လိုမှ အထင်ကြီးစရာ မရှိ။ ဦးသိဒ္ဓိလောလောဆယ်တော့ ဘယ်လို ဆုံးဖြတ်ရမယ်မှန်း မသိ။ သီဟကို တောင်တော်ရှင်မဆီလွှတ်ကာ အဆုံးအဖြတ်ခံခိုင်းလျှင် ကောင်းမလား မသိ။
“ဒါဆို မောင်ရင်က .. ဒီနားပတ်ဝန်းကျင်က မဟုတ်ဘူးပေါ့ ..“ သီဟ ပုခုံးနှစ်ဖက်သာ တွန့်ပြမိသည်။ ဦးသိဒ္ဓိ၏ စကားအဆုံး၌ လင်းသဒ္ဒါသည် ရှေ့တိုးထွက်လာပြီး .. “အဖေ ... ကျမ သတင်းပို့စရာ ရှိတယ် .. ဒီလူဟာ ကျမတို့ အမျိုးအနွယ်တွေကို သတ်ပစ်ခဲ့တာ မနည်းဘူး .. အဲဒီအတွက် အပြစ်ပေးဖို့လိုတယ် ..“ လင်းသဒ္ဒါ၏ စကားအဆုံး၌ ဦးဗျဂ္ဂဟု ခေါ်ရမည့် ၀ံပုလွေအမည်းသည် မာန်ဖီသလို အသံပြုကာ ရှေ့တိုးလာသည်။ ဒီတစ်ခါတော့ ဦးဗျဂ္ဂ၏ လှုပ်ရှားမှုကို ဦးသိဒ္ဓိက မတားမြစ်တော့ပါ။ ချက်ချင်းဆိုသလို ဦးဗျဂ္ဂ သီဟရှေ့သို့ ရောက်လာသည်။ “လင်းသဒ္ဒါ .. ဒီကောင့်ကို ကြိုးဖြေပေးလိုက် ..“ ဦးဗျဂ္ဂဆီမှ စကားဆုံးသည်နှင့် လင်းသဒ္ဒါ သီဟနောက်နားသို့ တိုးကပ်လာပြီး လက်ပြန်ကြိုးကို ဖြေပေးသည်။ ခေါင်းကိုငဲ့ကာ လင်းသဒ္ဒါကို ကြည့်ချင်ပေမယ့် သူ့ရှေ့မှာ ရန်လိုသည့် အသွင်နှင့် ရှိနေသည့် ဦးဗျဂ္ဂကြောင့် သီဟ လှည့်ကြည့်ခွင့်မရ။ သတိကို မလွတ်တမ်းထားပြီး လက်ပြန်ကြိုးပြေသွားသည့် လက်နှစ်ဖက်ကို ပွတ်သပ်နေမိသည်။
“မင်းက .. ကျုပ်တို့ အမျိုးအနွယ်တွေကိုတောင် သတ်နိုင်တယ်ဆိုတော့ ဘယ်လောက် အရည်အချင်းရှိလဲ စမ်းလိုက်ရအောင် …“ “ဗျဂ္ဂ !!! …“ ဦးသိဒ္ဓိဆီမှ တားမြစ်သံလိုလို အသံထွက်လာသည်။ ဦးဗျဂ္ဂသည် ခေါင်းဆောင်၏ အသံကို ကြားပေမယ့် ဂရုမစိုက်သည့်အလား မာန်ဖီသံပြုသည်။ ၀ံပုလွေတစ်ကောင်နှင့် လက်နက်မဲ့ သတ်ပုတ်ဖို့ဆိုတာ တော်တော်စွန့်စားရမည့် ဖြစ်ရပ်မို့ ပတ်ဝန်းကျင်မှ အကူအညီရလိုရညား သီဟ ဘေးကို ကြည့်မိသည်။ ထို့ကြောင့်ပင် သူ ထူးခြားမှုတစ်ခုကို သတိပြုမိသည်။ ဦးသိဒ္ဓိတို့ ထွက်လာရာ အိမ်ကြီး၏ ခေါင်းမိုးထက်တွင် ထူးထူးဆန်းဆန်း ငှက်တစ်အုပ် တိတ်တဆိတ် လာနားသည်ကို တွေ့လိုက်ရသည်။ အားလုံးသော ၀ံပုလွေများသည် သီဟနှင့် ဦးဗျဂ္ဂ၏ ရန်ပွဲကို စောင့်ကြည့်နေမှုကြောင့် ထိုအချက်ကို သတိပြုမှုဟန် မတူ။ ထိုအခိုက် ဂီးခနဲ အော်သံနှင့်အတူ ငှက်တစ်ကောင်သည် အိမ်ခေါင်းမိုးထက်မှ လျှင်မြန်လှသည့် အဟုန်နှင့် ၀ဲပျံကာ ဆင်းလားသည်။
“ဦးသိဒ္ဓိ .. သတိထား !!! …“
အဖြစ်အပျက်က မြန်ဆန်လွန်းလှသည်။ သီဟဆီမှ ၀မ်းခေါင်းသံနှင့် အော်ဟစ်သံ ထွက်လာပြီးနောက် သူ့ကိုယ်သည် မြေကြီးပေါ် လှိမ့်ထွက်ကာ ခပ်လှမ်းလှမ်းတွင် လင်းသဒ္ဒါထောင်ထားခဲ့သည့် ရိုင်ဖယ်ဆီသို့ ရောက်သွားလေသည်။ သီဟ လက်ထဲ ရိုင်ဖယ်ရောက်သွားပြီနောက် စက္ကန့်ပိုင်းမခြား မောင်းတင်လိုက်ပြီး သူ့သေနတ်ပြောင်းက ဦးသိဒ္ဓိ၏ ခေါင်းတည့်တည့်သို့ ချိန်ရွယ်လိုက်သည်။ ကျယ်လောင်သည့်အသံနှင့်အတူ သူ့သေနတ်ပြောင်းဝမှ ကျည်ဆံတစ်တောင့် ပြေးထွက်သည်။ ဖန်းခနဲ အသံနှင့်အတူ ဦးသိဒ္ဓိ၏ ခေါင်းပေါ်တွင် သွေးနီတွေ ပေကျံသွားသည်။ သို့သော် ၀ံပုလွေကြီး ဦးသိဒ္ဓိမြေပြင်ပေါ်သို့ လဲပြိုမသွားပါ။ သူ့ဘေးနားသို့ ဖုန်းခနဲ မြည်ကာ ပြုတ်ကျလာသည့် ချွန်ထွက်နေသော အစွယ်များနှင့် ငှက်သဏ္ဍန် သတ္တ၀ါကို အလန့်တကြား ငုံ့ကြည့်နေသည်။
“မှင်စာတွေဟေ့ .… အားလုံး အသင့်ပြင် !! …“
ဦးဗျဂ္ဂ၏ အော်ဟစ် သတိပေးသံကြောင့် အံ့အားသင့်ကာ ကြောင်တောင်တောင် ဖြစ်နေကြသော ၀ံပုလွေတွေ အားလုံးသတိဝင်လာကြသည်။ သို့ပေမယ့် သူတို့၏ ပြင်ဆင်မှုက နောက်ကျနေလေပြီ။ ဦးဗျဂ္ဂ၏ အသံမှ မဆုံးသေး ဒါဇင်ပေါင်းများစွာသော မှင်စာဆိုသည့် အကောင်တွေသည် ပျံဝဲကာ ၀ံပုလွေတွေဆီကို ရောက်လာကြပြီ ဖြစ်သည်။
“ဂီး …ဂီး … ဂါး .. ဂါး .. အူ .. ၀ူး … “
ကွင်းပြင်တစ်ခုလုံး အမျိုးအသွင်မတူသော သတ္တ၀ါအုပ်စု နှစ်စု၏ တိုက်ခိုက်မှုအသံများနှင့် ဖုံးလွှမ်းသွားသည်။ သမန်းဝံပုလွေတွေ၏ ခုခံမှုက အားမာန်အပြည့်နှင့် ဖြစ်သော်လည်း မျောက်ပျံလိုလို၊ ငှက်ပျံလိုလို သတ္တ၀ါများ၏ တိုက်ခိုက်မှုက ပို၍လျှင်မြန်လှသည်။ ချွံထက်လှသည် သူတို့၏ လက်သည်း၊ သွားစွယ်များနှင့် ၀ံပုလွေတို့၏ ဦးခေါင်းကိုအရအမိကိုက်မိသွားလျှင် ၀ံပုလွေတွေသည် ခုခံနိုင်စွမ်းမရှိဖြစ်ရသည်ကို တိုက်ပွဲတွင် ၀င်မပါသေးသည့် သီဟ သတိထားမိသည်။ ထို့အပြင် မှင်စာဆိုသည့် အကောင်တွေသည် တောင်ပံစွမ်းအားနှင့် တစ်နေရာမှတစ်နေရာသို့ အလျှင်အမြန် ကူးသန်းသွားလာနိုင်ရာ ၎င်းတို့၏ လှုပ်ရှားမှုကို မှန်းဆဖို့ ခဲယဉ်းလေသည်။ ဦးသိဒ္ဓိတို့ဘက်မှ အရေအတွက်များသော်လဲ လှစ်ခနဲဝင်၊ လှစ်ခနဲ ပျံတက်သွားသည့် မှင်စာတွေကို မိမိရရ မတုံ့ပြန်နိုင်သေးပေ။
လင်းသဒ္ဒါ၏ လက်မှ ဓါးရောင်သည် နေရောင်အောက်တွင် တလက်လက်နှင့် တောက်ပနေသည်။ သူမ၏ လှုပ်ရှားဟန်သည် ၀ံပုလွေတစ်ကောင်နှင့် မတူပဲ ကျွမ်းကျင်သော ဓါးသမားတစ်ယောက်၏ လှုပ်ရှားမှုနှင့်တူသည်။ Azumi ဆိုသည့် ဆာမူရိုင်းမအလား ထင်ရသည်။ သူမဓါးရှေ့သို့ ရောက်လာသော မှင်စာများသည် လင်းသဒ္ဒါ၏ တုံ့ပြန်မှုကြောင့် အောင်မြင်မှုမရသေးပါ။ အချို့အကောင်များသည် ဓါးချက်မိကာ အသက်နှင့်ကိုယ် ကင်းကွာသွားကြရသည်က များသည်။ သီဟ ကြည့်နေစဉ်မှာပင် လင်းသဒ္ဒါသည် ခုန်၍ သူမ အဖေ၏ နောက်ကျောကို အလစ်ဝင်တိုက်သည့် မှင်စာတစ်ကောင်ကို လေထဲမှာပင် ခုတ်ချလိုက်သည်။
“လင်းသဒ္ဒါ .. နောက်မှာ !!! .. “ “ဖန်း …“
သီဟ လက်ထဲရှိ ရိုင်ဖယ်မှ ဒုတိယအကြိမ်အဖြစ် သေနတ်သံထွက်သွားစဉ်တွင် လင်းသဒ္ဒါ၏ နောက်ဖက်သို့ ပျံဆင်းလာသည့် မှင်စာ၏ ခေါင်းသည် တစစီဖြစ်ကာ မြေကြီးပေါ်သို့ ပြုတ်ကျသည်။ လင်းသဒ္ဒါ သီဟကိုကျေးဇူးတင်သည့် အကြည့်နှင့် လှမ်းကြည့်သည်။ သီဟ သူမ၏အကြည့်ကို နားလည်သည့်ဟန်နှင့် ခေါင်းညိတ်ပြသည်။ ထို့နောက်တွင်တော့ သူ့ရိုင်ဖယ်ဆီမှ သေနတ်သံများက
Comments
Post a Comment